ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး European Institute for Asia Studies ၌ ကျင်းပခဲ့သော “အာဆီယံ-အီးယူ ဆက်ဆံရေး (၄၅) နှစ်ပြည့်- အရှိန်အဟုန်သစ်ဆီသို့ ဦးတည်ရေးဆိုင်ရာ ဆွေးနွေးပွဲ” သို့ တက်ရောက် (၂၁-၃-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

 

အာဆီယံ-အီးယူ မဟာဗျူဟာမြောက် ဆက်ဆံရေး (၄၅) နှစ်ပြည့်မှ အရှိန်အဟုန်သစ်ဆီသို့ ဦးတည်ရေးဆိုင်ရာ ဆွေးနွေးပွဲ (ASEAN-EU Relations at 45: A New Momentum) ကို ၂၁-၃-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ European Institute for Asia Studies (EIAS) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အာဆီယံ သံအမတ်ကြီးများ၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ၊ ဥရောပကောင်စီ၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS) နှင့် ဥရောပကော်မရှင်၊ ကုန်သွယ်ရေးဦးစီးဌာန (Directorate-General for Trade) တို့မှ ညွှန်ကြားရေးမှူးများ၊ ဘရပ်ဆဲလ်မြို့ အခြေစိုက်နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ အာဆီယံ-အီးယူ စီးပွားရေးကောင်စီမှ တာဝန်ရှိသူများ၊ အာဆီယံ-အီးယူ နှစ်နိုင်ငံဆက်ဆံရေးနှင့်စပ်လျဉ်းသည့် think-tank အဖွဲ့အစည်းများမှ ပညာရှင်များနှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် မဟာဘွဲ့သင်တန်းသူ၊ သင်တန်းသားများအပါအဝင် စုစုပေါင်း (၁၅၀) ကျော်ခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။

 

ဆွေးနွေးပွဲ ပထမပိုင်းတွင် အာဆီယံ-အီးယူ မဟာဗျူဟာမြောက် ဆက်ဆံရေး၏ နိုင်ငံရေး ရှင်သန်လှုပ်ရှားမှု “Political Dynamics of the ASEAN-EU Strategic Partnership” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ဒုတိယပိုင်းတွင် အာဆီယံ-အီးယူ ပူးပေါင်းဆောင်ရွက်မှု၌ ကုန်သွယ်မှုသည် အဓိကမောင်းနှင်အား “Business as usual? Trade as a key driver of ASEAN-EU Cooperation” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အီးယူပါလီမန်အမတ်များနှင့် အာဆီယံ-အီးယူ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ David Camroux တို့မှ panelist များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး အာဆီယံသံအမတ်ကြီးများ၊ ဥရောပါလီမန်အမတ်များ၊ အာဆီယံ-ဥရောပ စီးပွားရေးကောင်စီမှ အဖွဲ့ဝင်နှင့် ဥရောပအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့ပါသည်။

 

မြန်မာသံအမတ်ကြီးက ဆွေးနွေးရာတွင် ASEAN-EU Strategic Partnership နယ်ပယ်အောက်မှ အင်ဒို-ပစိဖိတ် မဟာဗျူဟာအား ဥရောပသမဂ္ဂမှသာ ချမှတ်ထားခြင်း မဟုတ်ဘဲ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်နှင့် နယ်သာလန်တို့ကလည်း ချမှတ်ထားသဖြင့် အင်ဒိုပစိဖိတ်ဒေသအပေါ် ဥရောပသမဂ္ဂ မဟာဗျူဟာ၏ စစ်ရေး၊ နိုင်ငံရေး ရှုမြင်သုံးသပ်ပုံနှင့် အခြားနိုင်ငံများ၏ ရှုမြင်သုံးသပ်ပုံ ကွာခြားချက်၊ ဥရောပသမဂ္ဂမှ အာဆီယံနိုင်ငံများသို့ Global Gateways အစီအစဉ်အနေဖြင့် ယူရို (၁၀) ဘီလီယံ ရန်ပုံငွေထူထောင်သွားမည်ဟု ကတိကဝတ်ပြုထားရာ ယင်းအစီအစဉ်အောက်မှ ပြုလုပ်သွားမည့် စဉ်ဆက်မပြတ်သော ပေါင်းစည်းဆက်နွှယ်မှု (Sustainable Connectivity) နှင့် အစိမ်းရောင် အစီအစဉ်များ အစပျိုးမှု (Green Team Initiatives) ဆိုင်ရာ စီမံကိန်းများ ပါဝင်မည်ဟု သိရှိရပါကြောင်း၊ ယင်းအသုံးအနှုန်းများ၏ မူရင်းအဓိပ္ပာယ်မှာ ရှင်းလင်းသော်လည်း အဆိုပါအသုံးအနှုန်း၏ နောက်ကွယ်မှ အနက်အဓိပ္ပာယ်များ၊ Multilateralism စနစ်ကို ကျင့်သုံးရာတွင် အာဆီယံအနေဖြင့် မျှဝေထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများရှိသော်လည်း ယင်းစီမံကိန်းများသည် အင်အားကြီးနိုင်ငံများမှ နိုင်ငံခြားရေးမူဝါဒ အသာစီးရရှိထားမှုအား ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းမှု မဟုတ်ကြောင်းကို မည်သည့်အထောက်အထားဖြင့် ပြနိုင်မည်ကို သိရှိလိုပါကြောင်းစသည်ဖြင့် မေးမြန်းပါဝင် ဆွေးနွေးပြောကြားခဲ့ပါသည်။

 

ဆွေးနွေးပွဲအပြီးတွင် ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ရာ မြန်မာသံရုံးမှ ဆီထမင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။