မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး “ASEAN-IOM Ambassadors’ Conference” ဆွေးနွေးပွဲသို့ တက်ရောက် (၂၇-၃-၂၀၂၃ ရက်၊ သည်ဟိတ်ဂ်)

နယ်သာလန်နိုင်ငံ ASEAN Committee in the Hague (ACTH) ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားသံအမတ်ကြီး၏ ဖိတ်ကြားချက်အရ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၇-၃-၂၀၂၃ ရက်တွင် သည်ဟိတ်ဂ်မြို့ရှိ မလေးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် နယ်သာလန်နိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများအရေးနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ အဖွဲ့အစည်း (International Migration Organization- IOM) ၏ ဆောင်ရွက်မှုများကို အာဆီယံသံအမတ်ကြီးများကို ရှင်းလင်းတင်ပြသည့် “ASEAN-IOM Ambassadors’ Conference” ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

 

အဆိုပါဆွေးနွေးပွဲတွင် IOM မှ Director / Chief of Mission ဖြစ်သူ Mr. Antonio Polosa နှင့် Diplomatic Liaison ဖြစ်သူ Mr. Jan Minke Contreras တို့က IOM အနေဖြင့် နယ်သာလန်နိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာပြီးနောက် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်လိုသူများအား မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရေးအတွက် Assisted Voluntary Return and Reintegration (AVRR) ဟူသော ခေါင်းစဉ်အောက်မှ ချဉ်းကပ်ဆောင်ရွက်လျက်ရှိခြင်းနှင့် နယ်သာလန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စများ၊ အရှေ့တောင်အာရှနိုင်ငံများမှ နယ်သာလန်နိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာသူများအရေးနှင့် စပ်လျဉ်းပြီး IOM နှင့် အာဆီယံနိုင်ငံသံရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် IOM ၏ မူဘောင်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

 

တက်ရောက်လာကြသည့် အာဆီယံနိုင်ငံသံရုံးအသီးသီးမှ သံအမတ်ကြီးများက ရွှေ့ပြောင်း သွားလာသူများအရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသော ကိစ္စရပ် များအား အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး မြန်မာသံအမတ်ကြီးကလည်း မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့အနေဖြင့် နယ်သာလန်နိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာသော မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ တရားရေးနှင့် လုံခြုံရေးဝန်ကြီးဌာနကဲ့သို့ အစိုးရ အဖွဲ့အစည်းများ၊ IOM ကဲ့သို့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းဆောင်ရွက်မှုများ ပြုလျက်ရှိသည်များကို ပါဝင်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။