(၂၄) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေး (24th ASEAN-EU Ministerial Meeting) သို့ မြန်မာသံအမတ်ကြီး တက်ရောက် ပါဝင်ဆွေးနွေး (၂-၂-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂-၂-၂၀၂၄ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ SQUARE Brussels Meeting Centre ၌ ကျင်းပခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေး (24th ASEAN-EU Ministerial Meeting) သို့ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက် ပါဝင်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် Dr.Kao Kim Hourn နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အကြီးအကဲ/ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ (EU High Representative for Foreign Affairs and Security Policy/ Vice-President of the European Commission-HR/VP) Mr. Josep Borrell တို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် HR/ VP Mr. Josep Borrell နှင့် အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံနှင့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများက သက်ဆိုင်ရာ နိုင်ငံအလိုက် သဘောထားရပ်တည်ချက်များအား အသီးသီး ဆွေးနွေးပြောကြားခဲ့ပါသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် လာအိုနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး Mr. Saleumxay Kommasith က ဒေသတွင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ၌ လာအိုနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံက ဦးဆောင်၊ ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို အခြေခံ၍ ရေရှည်တည်တံ့မှုရှိသော နည်းလမ်းရှာဖွေနိုင်ရေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ကတိကဝတ်ထား ဆောင်ရွက်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က မြန်မာနိုင်ငံအရေးနှင့် စပ်လျဉ်း၍ ပြောကြားရာ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အား တိုးမြှင့်ပေးအပ်ခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေကို မြှင့်တင်နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံပြည်တွင်းနှင့် လည်းကောင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့်လည်းကောင်း အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများ ပြုနိုင်ရန်အတွက် အီးယူအနေဖြင့် ပံ့ပိုးကူညီသွားစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် အီးယူ၏ ကုန်သွယ်မှု ဆိုင်ရာ အထူးအခွန်ကင်းလွတ်မှု အကျိုးခံစားခွင့် အစီအစဉ် (GSP/ EBA) ရရှိမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းသို့ရရှိသည်နှင့် အားလျော်စွာ GSP/ EBA အစီအစဉ်အရ ဆောင်ရွက်ပေးရမည့် due diligence နှင့်အညီ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး များကို သိရှိနားလည်ပြီး တည်ဆဲဥပဒေများအရ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှု ပြဿနာများလည်း ပါဝင်သဖြင့် ယင်းပြဿနာများကို မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံ ပူးပေါင်းပြီး နှိမ်နင်းရှင်းလင်းမှုများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုပြုလျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို နိုင်ငံရေးအရ ဆွေးနွေးပြီး လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် လည်း ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။