အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဉရောပကော်မရှင်၏ ကုန်သွယ်မှုဆိုင်ရာ အီးယူကော်မရှင်နာ တို့အကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ်သို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက် (၆-၆-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee- ABC) နှင့် ကုန်သွယ်မှုဆိုင်ရာ အီးယူ ကော်မရှင်နာနှင့် Exécutive Vice-Président for An Economy that Works for People ဖြစ်သူ Mr. Valdis Dombrovskis တို့အကြား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၆-၆-၂၀၂၃ ရက်နေ့၊ မွန်းလွဲပိုင်းက ဥရောပကော်မရှင် အဆောက်အဉီ Berlaymont building တွင် ကျင်းပပြုလုပ် ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ ကုန်သွယ်မှုနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များအား ကာလတိုနှင့် ကာလ ရှည် ခွဲခြား၍ ထိတွေ့ဆက်ဆံမှုများအား အရှိန်အဟုန် မြှင့်တင်ရန် ဆောင်ရွက်သွားနိုင်ရေး၊ ကဏ္ဍ အလိုက်ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် အထူးသဖြင့် ဒစ်ဂျစ်တယ် စီးပွားရေး၊ ပေါင်းစည်းဆက် နွယ်မှု၊ အစိမ်းရောင်နည်းပညာနှင့် အစိမ်းရောင် ဝန်ဆောင်မှုများနှင့် ထောက်ပံ့မှုကွင်းဆက် ကြံ့ကြံ့ ခိုင်နိုင်မှုစသည့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန် မြင့်တင်သွားနိုင်ရေး၊ အလားတူ အီးယူအစီအစဉ်များဖြစ်သည့် Global Gateway နှင့် EU Green Deal တို့ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် အီးယူ၏ သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်များဆိုင်ရာ စည်းမျဉ်း ဥပဒေသစ် (EU Regulation on deforestation-free products- EUDR) အား အာဆီယံ ဒေသ၏ အသေးစား အလတ်စား လုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပေါ် အပြု သဘော မဆောင်သည့်အကျိုး သက်ရောက်မှု နည်းပါးအောင်နှင့် ဒေသနှစ်ခုအကြား အပြန်အလှန် အကျိုးစီးပွားမထိခိုက်အောင် မည်သို့မည်ပုံ ဆောင်ရွက်သွားနိုင်ရေး စသည်တို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက ပြောကြားရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသေးစား-အလတ်စား လုပ်ငန်းများ ကို ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက် (global supply chains) လုပ်ငန်းစဉ်တွင် ထည့်သွင်းရန် အရေးကြီးမှုကို မီးမောင်းထိုးပြလိုပါကြောင်း၊ EUDR စည်းမျဉ်းဥပဒေသစ် ပြဌာန်းရခြင်း၏ မူလ ရည်ရွယ်ချက်မှာ ဇီဝမျိုးကွဲစုံလင်မှု ဂေဟစနစ် (biodiversity)၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ အခွင့်အရေးများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဉတုအခြေအနေ ပိုမိုဆိုးရွားလာမှုအပေါ် ကာကွယ် လိုခြင်း ဖြစ်သည်ဟု နားလည်မိပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြေယာကို အမည်ပေါက်ပိုင်ဆိုင်မှု (land titles) ၊ မြေယာခွဲဝေချထားမှု (Land allocation) သေချာမှုစသည့် ကိစ္စများ၌ နိုင်ငံ့စွမ်းပကား (national capacity) ပိုမိုအားကောင်းစေသည့် လုပ်ငန်းစဉ် ပံ့ပိုး ထောက်ပံ့မှု တစ်ပြိုင်တည်းပါဝင်လာခြင်းမရှိပဲ EUDR ပြဌာန်းမှုကို လိုက်နာစေခြင်းသည် အာဆီယံနှင့် အီးယူအတွက် မူလရည်မှန်းချက် ပြည့်မီမှု နည်းပါးစေနိုင်ပါကြောင်း၊ ယင်း EUDR သည် ထုတ်လုပ်သူ နိုင်ငံများ (producing countries) အား တာဝန်သိသော ထောက်ပံ့မှု ကွင်းဆက်/လုပ်ငန်းစဉ်မှ သွေဖယ်သွားအောင် တွန်းအားပေးသကဲ့သို့ ဖြစ်နေပြီး ထုတ်ကုန်များကို ပိုမိုကောင်းမွန်သော ဈေးနှုန်း ရရှိနိုင်သည့် ဈေးကွက်နှင့် ချိတ်ဆက်ဆက်နွယ်မှုမရှိခြင်းကို ဖြစ်စေနိုင်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကဲ့သို့ တစ်နိုင်တစ်ပိုင် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် လယ်သမား များအား ပံ့ပိုးထောက်ပံ့မှုမပြုပါက ၎င်းတို့၏ နေ့စဉ်စားနပ်ရိက္ခာဝင်ငွေရရှိရန် ခက်ခဲနိုင်ပါကြောင်း၊ ယင်းသို့သော အခြေအနေများကို ကျော်လွားနိုင်ရန်အတွက် EUDR အနေဖြင့် ဇီဝမျိုးကွဲစုံလင်သည့် ဂေဟစနစ်နှင့် သစ်တော ပြုန်းတီးမှု ကာကွယ်ရေးသာမက လယ်သမားများနှင့် ၎င်းတို့၏ အသက်မွေး ဝမ်းကြောင်းအပေါ် အပြုသဘောဆောင်သည့် အကျိုးရလဒ်များရှိအောင် မည်သို့မည်ပုံ ဆောင်ရွက် နိုင်သည်ကို ထည့်သွင်းစဉ်းစားသင့်ပါကြောင်း စသည်ဖြင့် မြန်မာသံအမတ်ကြီးကပါဝင် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။