မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပ (၂၀-၇-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ပထမအကြိမ် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၂၀-၇-၂၀၂၃ ရက်တွင် ဦးဆောင်ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် အင်ဒိုနီးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၆-၆-၂၀၂၃ ရက်၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ဥရောပသမဂ္ဂ ကောင်စီဥက္ကဋ္ဌ Charles Michel ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲ Mr. Simon Mordue နှင့် အာဆီယံသံအမတ်ကြီးများ အလုပ်သဘော နေ့လယ်စာစားပွဲ၌ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အတည်ပြုခြင်း၊ မကြာမီက ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အကြိမ် (၃၀) မြောက် အာဆီယံဒေသတွင်း အစည်းအဝေး (30th ARF) နှင့် အာဆီယံ-အီးယူ ဝန်ကြီးများအဆင့် အစည်းအဝေး တို့မှ ထွက်ပေါ်လာသည့် အာဆီယံ-အီးယူ ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု ရလဒ်များအား ဆွေးနွေးခြင်းနှင့် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကာလအတွက် အစီအစဉ်များအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက အမှာစကား ပြောကြားရာ၌ မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း အာဆီယံ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားတို့အား မြှင့်တင်ဆောင်ရွက်ရေးဟူသော အာဆီယံ၏ မူဘောင်နှင့် ရည်မှန်းချက်များကို ကိုင်ဆွဲသွားရန်နှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီသည် အာဆီယံသံရုံးများနှင့် အီးယူအကြား ဆွေးနွေးညှိနှိုင်းမှုနှင့် ထိတွေ့ဆက်ဆံမှုပြုရာ ကြားခံရပ်ဝန်းတစ်ခုဖြစ်သည့် အားလျော်စွာ မြန်မာသံရုံးအနေဖြင့် လက်ရှိ ဆက်ဆံရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။