ကမ္ဘာ့အကောက်ခွန်အဖွဲ့ချုပ် ကောင်စီအစည်းအဝေးသို့ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက် (၂၄-၆-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

ကမ္ဘာ့အကောက်ခွန်အဖွဲ့ချုပ် (World Customs Organization- WCO) ၏ ၁၄၁/၁၄၂ ကြိမ်မြောက် ကောင်စီအစည်းအဝေးကို ဘရပ်ဆဲလ်မြို့ရှိ ကမ္ဘာ့အကောက်ခွန်အဖွဲ့ဌာနချုပ်၌ ၂၂-၆-၂၀၂၃ ရက်မှ ၂၄-၆-၂၀၂၃ ရက်အထိ ကျင်းပခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ဦးဆောင်၍ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက Hybrid စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် Capacity Building ကိစ္စ၊Green Customs ကိစ္စ၊ Modernization Plan ကိစ္စ၊ Fragile Borders ရှိ အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အကောက်ခွန်ဘာသာရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးမှ WCO ၏ စံနှုန်းတန်ဖိုးထားမှုများနှင့်အညီ အစည်းအဝေးများ၌ ဘာသာရပ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများကိုသာ ဦးတည်ဆွေးနွေးသွားရန် ဆိုသည့် အချက်အား Modernization Plan တွင် အခြေခံမူအဖြစ် ထည့်သွင်းပြဋ္ဌာန်းသင့်ပါကြောင်း၊ Secretary General နှင့် Deputy Secretary General တို့၏ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်မှုတွင်လည်း ၎င်းတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကိုပါ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ ယခု အစည်းအဝေးမှ ရွေးကောက်တင်မြှောက်ခံရမည့် Chairperson နှင့် Secretary General တို့အနေဖြင့်လည်း WCO လုပ်ငန်းစဉ်များကို နိုင်ငံရေး သွတ်သွင်းခြင်း မပြုသည့် အစဉ်အလာကို ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ကမ္ဘာ့အကောက်ခွန်အဖွဲ့ချုပ် (WCO) ၏ ၁၄၁/၁၄၂ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့ နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး Secretary General အဖြစ် အမေရိကန်နိုင်ငံမှ Mr. Ian Saunders ကိုလည်းကောင်း၊ Chairperson အဖြစ် တောင်အာဖရိကနိုင်ငံမှ Mr. Edward Kieswetter ကိုလည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရှိရပါသည်။