အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးမှ လွှဲပြောင်းလက်ခံ (၂၆-၆-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၂၆-၆-၂၀၂၃ ရက်တွင် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) ၏ သံအမတ်ကြီးများ အစည်းအဝေး “ABC Ambassadors’ Meeting” သို့ တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mr. Andri Hadi ထံမှ လွှဲပြောင်းလက်ခံမှုပြုခဲ့ပါသည်။
အစည်းအဝေးတွင် အင်ဒိုနီးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆) လတာ ကာလအတွင်း အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဥရောပသမဂ္ဂမှ တာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးခဲ့သည့် ကိစ္စရပ်များအပေါ် အတည်ပြုမှု ရယူခြင်းနှင့် အာဆီယံနှင့် ဥရောပသမဂ္ဂအကြား ဆောင်ရွက်ဆဲ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးမှုများအပြီးတွင် အင်ဒိုနီးရှားသံအမတ်ကြီး သည် ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံ သံအမတ်ကြီးအားလုံး၏ တူညီဆန္ဒဖြင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာသံအမတ်ကြီး ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးက အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းလက်ခံမှုနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားရာ၌ အင်ဒိုနီးရှားသံရုံးမှ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းနှင့် အင်ဒိုနီးရှားသံအမတ်ကြီးနှင့်တကွ သံရုံးဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ဂုဏ်ယူပါကြောင်း၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် သံရုံးများအနေဖြင့် မြန်မာသံရုံးအပေါ် ယခုကဲ့သို့ အလေးအနက် ယုံကြည်မှုထားကာ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခဲ့သဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း တန်းတူရည်တူရှိမှုနှင့် အားလုံးလွှမ်းခြုံပါဝင်မှုရှိမှု၊ အာဆီယံ၏ အချက်အချာကျမှုနှင့် အပြန်အလှန် လေးစားနားလည်မှု ဟူသော မူကို ကိုင်ဆွဲကာ အာဆီယံနှင့် ဥရောပသမဂ္ဂတို့အကြား ဘုံအကျိုးစီးပွားများအား မြှင့်တင်ဆောင်ရွက်သွားရန် ကတိကဝတ်ပြုပါကြောင်း၊ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများကလည်း မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလအတွင်း ဘာသာရပ်ဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများ မျှဝေကာ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။