ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပသမဂ္ဂဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံအမတ်ကြီး ဦးဆောင်တက်ရောက် (၁၃-၉-၂၀၂၃ ရက်၊ စထရာဘုဂ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန် သည် ၁၃-၉-၂၀၂၃ ရက်တွင် ပြင်သစ်နိုင်ငံ၊ စထရာဘုဂ်မြို့ရှိ ဥရောပပါလီမန်ဌာနချုပ်၌ ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (Delegation for Relations with the Countries of Southeast Asia and the Association of Southeast Asia Nations-DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပသမဂ္ဂဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲသို့ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင် တက်ရောက်ခဲ့ပါသည်။
အလုပ်သဘောနေ့လယ်စာစားပွဲတွင် DASE ၏ ဥက္ကဋ္ဌ Mr. Daniel Caspary က အမှာစကားပြောကြားရာ၌ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက EU ပါလီမန်၏ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံခြားရေးဆိုင်ရာ အမတ်များကို ဦးဆောင်၍ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံ တို့သို့ သွားရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်တွင် ပါရှိလာသည့် ပါလီမန်အမတ်များအနက် ယင်းနိုင်ငံများသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်သည့် အမတ်များ၏ ဒေသမြေပြင် အခြေအနေကို နားလည်သဘောပေါက်မှုမှာ ခရီးစဉ်အပြီးတွင် များစွာ တိုးတက်ပြောင်းလဲလာပါကြောင်း၊ သို့ပါ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပါလီမန်များအနေဖြင့် EU ပါလီမန်၏ အခြားဘာသာရပ်ဆိုင်ရာ ကော်မတီများကို တရားဝင်ခရီးစဉ်များ ဖိတ်ကြားလိုပါက မိမိတို့ DASE အနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ABC အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာသံအမတ်ကြီးက အမှာစကားပြောကြားရာ၌ အာဆီယံနှင့် ဥရောပဒေသ နှစ်ခုစလုံး၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဒေသနှစ်ခုအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ဘုံမျှော်မှန်းချက်အတွက် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုမျိုး လိုအပ်နေချိန်တွင် ယခုကဲ့သို့ ABC နှင့် DASE အကြား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခြင်းသည် အချိန်အခါနှင့် ကိုက်ညီဆီလျော်မှုရှိသည့် တွေ့ဆုံမှုဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံမှု၏ အဓိကရည်ရွယ်ချက်မှာ တက်ရောက်လာသူများက အာဆီယံ၏ အင်ဒို-ပစိဖိတ် အမျှော်အမြင် (ASEAN Outlook on the Indo-Pacific – AOIP)၊ ဥရောပသမဂ္ဂ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာတို့နှင့် စပ်လျဉ်း၍ အယူအဆများအား ဖလှယ်ခြင်းဖြင့် ဒေသနှစ်ခုအကြား အပြန်အလှန် နားလည်သဘောပေါက်မှု တိုးမြင့်လာစေရန်ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်သမုဒ္ဒရာဒေသကို အင်အားကြီးနိုင်ငံများအတွက် အားပြိုင်စရာ ရပ်ဝန်းတစ်ခု ဖြစ်မလာစေရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်းရေးသည် ဒေသတွင်းနိုင်ငံများ၏ အဓိကတာဝန်ဖြစ်သည်ဟု ရှုမြင်ပါကြောင်း၊ သို့ဖြစ်ရာ အင်ဒို-ပစိဖိတ် ဒေသတွင်း မိတ်ဖက်နိုင်ငံများအနေဖြင့် အာဆီယံ၏ အချက်အချာကျမှုကို အလေးထားရန် အရေးကြီးပါကြောင်း၊ တစ်နည်းအားဖြင့် AOIP နှင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာတို့ အကောင်အထည်ပေါ်လာစေရန်အတွက် အာဆီယံကို ဗဟိုပြုသော ပူးပေါင်းဆောင်ရွက်မှုပြုရန် အရေးကြီးပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် အဆိုပါမဟာဗျူဟာ နှစ်ရပ် အကောင်အထည်ပေါ် လာစေရေးနှင့် စပ်လျဉ်းသော ကိစ္စရပ်များတွင် တစ်ဖက်၏ ရပ်တည်ချက်ကို အခြားတစ်ဖက်က ပိုမိုထဲထဲဝင်ဝင် နားလည်သဘောပေါက်လာစေရန် အခွင့်အလမ်းတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မြန်မာသံအမတ်ကြီးသည် ဥရောပပါလီမန်၏ ဖိတ်ကြားမှုအရ ယင်းနေ့နံနက်ပိုင်းတွင် ဥရောပပါလီမန်ဌာနချုပ်၌ ကျင်းပသည့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Mrs. Ursula von der Leyen က ဥရောပသမဂ္ဂ၏ လတ်တလောနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးစားပေးကိစ္စရပ်များကို ဥရောပပါလီမန် စုံညီအစည်းအဝေး၌ တင်ပြရှင်းလင်းသည့် အခြေပြမိန့်ခွန်းပြောကြားမှု (State of the Union) အခမ်းအနားသို့လည်း အာဆီယံသံအမတ်ကြီးများကို ဦးဆောင်၍ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။