မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ခြင်းနှင့် ယင်းနှင့်တစ်ဆက်တည်း ဥရောပသမဂ္ဂနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများကို အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ (၁၀-၁၀-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဒုတိယအကြိမ် အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၁၀-၁၀-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ဦးဆောင်ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အာဆီယံ-အီးယူ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပသွားရန် ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာနမှ အဆိုပြု လာခြင်းနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများအကြား သဘောတူညီချက် ရယူနိုင်ရေး၊ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဘရပ်ဆဲလ်အခြေစိုက် အစိုးရမဟုတ်သော အာဆီယံ-အီးယူ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်းများအကြား Football Diplomacy ကို အခြေပြုသော Business Networking Reception နှင့် တွေ့ဆုံဆွေးနွေးမှုတို့ကို၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပဆောင်ရွက်နိုင်ရေးနှင့် မြန်မာသံရုံး၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် ကျန်ရှိနေသေးသည့် ကာလအတွင်း ဆောင်ရွက်သွားမည့် အခြားလှုပ်ရှားမှုများအား ဆွေးနွေးမှုပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်း မြန်မာသံအမတ်ကြီးသည် အာဆီယံ-ဘရပ်ဆဲလ် ကော်မတီမှ သံအမတ်ကြီးများနှင့် ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာနမှ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး မစ္စ ပေါင်လာ ပမ်ပလိုနီ၊ ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီး ဌာနမှ အရှေ့နှင့် တောင်အာရှနှင့် သမုဒ္ဒရာဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဖရန်ဆွာ ဒီလာယေးတို့အကြား အလုပ်သဘော နေ့လယ်စာစားပွဲကို တည်ခင်းဧည့်ခံခဲ့ပြီး အာဆီယံ နိုင်ငံများနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံတို့အကြား နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှု၊ ဥရောပသမဂ္ဂနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ၂၀၂၄ ခုနှစ်တွင် ကျရောက်မည့် ဘယ်လ်ဂျီယံနိုင်ငံ၏ ဥရောပသမဂ္ဂကောင်စီ အလှည့်ကျဥက္ကဋ္ဌကာလအတွက် ပြင်ဆင်ထားရှိမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက အမှာစကား ပြောကြားရာ၌ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဥရောပသမဂ္ဂတို့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိမှုကြောင့်သာ ယနေ့ အလုပ်သဘောနေ့လယ်စာစားပွဲတွင် အာဆီယံသံအမတ်ကြီးများနှင့် ဥရောပသမဂ္ဂနှင့် ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ယခုကဲ့သို့ စုဝေး ရောက်ရှိနေကြခြင်းဖြစ်ကြောင်း၊ ယနေ့နေ့လယ်စာစားပွဲသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရန် ဥရောပသမဂ္ဂဘက်မှ အဆိုပြုလာခြင်းအပေါ် ရှေ့ဆက်ဆောင်ရွက်သွားမည့်ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံးအနေဖြင့် အာဆီယံနိုင်ငံများနှင့် ဥရောပသမဂ္ဂ၊ ဘယ်လ်ဂျီယံတို့အကြား အဆိုပါအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်မှုများကို သက်ဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများနှင့် အတူတကွ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။