၂၀၂၃ ခုနှစ်၊ အာဆီယံမိသားစုနေ့အခမ်းအနားကို အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဦးဆောင်ကျင်းပ (၇-၁၀-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများ၏ ၂၀၂၃ ခုနှစ်အတွက် အာဆီယံမိသားစုနေ့ (ASEAN FAMILY DAY) အခမ်းအနားကို အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ABC) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဦးဆောင်၍ ၇-၁၀-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ အင်ဒိုနီးရှား ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးဝန်ထမ်းနှင့် မိသားစုဝင်များ၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာနမှ ခေတ္တဦးဆောင် ညွှန်ကြားရေးမှူး မစ္စ ပေါင်လာ ပမ်ပလိုနီ နှင့် အရှေ့တောင်အာရှနှင့် အာဆီယံဆိုင်ရာ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က အမှာစကား ပြောကြားရာ၌ အာဆီယံအဖွဲ့ကြီး တည်ထောင်မှု (၅၆) နှစ် ပြည့်သည့် ၂၀၂၃ ခုနှစ်တွင် ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံသံရုံးများ၏ အာဆီယံမိသားစုနေ့အခမ်းအနားကို မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဦးဆောင်ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အာဆီယံ မိသားစုနေ့ အခမ်းအနားသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် စုံလင်ကွဲပြားသော အရောင်အသွေးများ စုစည်းတည်ရှိနေမှုကို ဂုဏ်ပြုသော အခမ်းအနားတစ်ခု ဖြစ်ပါကြောင်း၊ ယခုနှစ်အခမ်းအနားကို မြန်မာသံရုံးမှ ဦးဆောင်ကျင်းပနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသည့် အင်ဒိုနီးရှားသံရုံး နှင့်တကွ အာဆီယံမိသားစုဝင် သံရုံးများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာသံရုံး အပါအဝင် အာဆီယံမိသားစုနေ့အခမ်းအနားသို့ ပါဝင် ဆင်နွှဲကြသော သံရုံးများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။