ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက် (၃-၁၀-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ အီးယူကော်မရှင်ရုံး၌ ၃-၁၀-၂၀၂၃ ရက်၊ (၀၈ :၀၀) နာရီမှ (၁၈ :၃၀) နာရီအထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် အာဆီယံ-အီးယူ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒရေးရာ ဆွေးနွေးပွဲသို့ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Inter- governmental Commission on Human Rights – AICHR) ၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ Ms. Yuyun Wahyuningrum (human rights activist) နှင့် အီးယူ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့မှ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး AICHR ၊ အီးယူ နှင့် အရပ်ဘက်အဖွဲ့အစည်း (CSO) များအကြား မျက်နှာချင်းဆိုင်အစည်းအဝေးကို နံနက်ပိုင်းတွင် တစ်ဆက်တည်း ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့်ပတ်သက်၍ CSO များ၏ ပြောကြားချက်ကို တုန့်ပြန်ပြောကြားရာ၌ ပြီးခဲ့သည့် (၂) နှစ်ကျော် ကာလအတွင်း ဒလန်ဆိုသည့် ခေါင်းစဉ်တပ်၍ အသတ်ခံရသူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကိုပါ ထည့်သွင်းပြောကြားမှသာလျှင် လူ့အခွင့်အရေး ရှုထောင့်အရ တရားမျှတမှု/မှန်ကန်မှု ရှိမည်ဖြစ်ပါကြောင်း၊ CSOs များအနေဖြင့် အခြေအနေ တစ်ခုလုံးကို ခြုံငုံသုံးသပ်ခြင်း မပြုဘဲ အစုအဖွဲ့တစ်ခုနှင့် ယင်းတို့ကို ထောက်ခံသူများ၏ ပြောကြားချက်ကိုသာ အခြေခံရပ်တည်ပြီး echo chamber effect ၌ ပျော်မွေ့နေပါက လူ့အခွင့်အရေးကိစ္စရပ်တွင် self-satisfying purpose အတွက် ဆောင်ရွက်နေသည်ဟုသာ ထင်မြင်မိပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူများ၏ဆန္ဒအရ (multi-party) စနစ်သို့ ပြောင်းလဲခဲ့သော်လည်း ယင်းအချိန်က ရွေးကောက်ပွဲဥပဒေအရ တတိယအဆင့် ပါတီများ၏ လွှတ်တော်တွင် လှုပ်ရှားနိုင်မှု အကန့်အသတ်ရှိခဲ့ပါကြောင်း၊ ရွေးကောက်ပွဲရလဒ်များသည် တစ်ပါတီ နှစ်ပါတီကိုသာ ကြီးစိုးစေပါက တတိယအဆင့်ပါတီများကို မဲပေးခဲ့သည့် အခြားမဲဆန္ဒရှင်များ၏ အကျိုးစီးပွားကို ပထမနှင့် ဒုတိယအဆင့်ပါတီများက ကိုယ်စားပြု ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ ဖြစ်နေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (Political Party Registration Law) ကို ထုတ်ပြန်ခဲ့ပြီး လာမည့် အထွေထွေရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR) ကျင့်သုံးနိုင်ရေးကို စီမံဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သံအမတ်ကြီးက အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး အားနည်းကြောင်း ထပ်တလဲလဲ ပြောဆိုနေသည့်တိုင် ယင်းနှင့်ပတ်သက်၍ မြန်မာ့သမိုင်းကြောင်းကို အခြေခံသည့် လက်တွေ့ကျသော အဆိုပြုချက်များ တင်သွင်းနိုင်ခြင်း မရှိဘဲ မြန်မာနိုင်ငံ ဥပဒေအရ တည်ဆဲအဖွဲ့အစည်းကိုယ်စားလှယ်ကို ဆွေးနွေးဘက်အဖွဲ့အဖြစ် တရားဝင် လက်ခံရန် ငြင်းပယ်နေခြင်း ဖြစ်ပါကြောင်းနှင့် ယင်းလုပ်ရပ်သည် မြန်မာနိုင်ငံ၏ လက်ရှိတွေ့ကြုံနေရသော အခက်အခဲများကို ဖြေရှင်းရာတွင် ရေရှည်တည်တံ့၍ ဆွေးနွေးညှိနှိုင်းမှုကို အခြေခံသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။