နယ်သာလန်နိုင်ငံ၊ UNU-MERIT တက္ကသိုလ်၌ ကျင်းပသော ASEAN Ambassadors’ Talk စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး တက်ရောက်ဆွေးနွေး (၁၅-၁၁-၂၀၂၃ ရက်၊ မက်စထရစ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၁၅-၁၁-၂၀၂၃ ရက်တွင် နယ်သာလန်နိုင်ငံ၊ မက်စထရစ်မြို့ (Maastricht) ရှိ UNU-MERIT (The United Nations University – Maastricht Economic and Social Research Institute on Innovation and Technology) တက္ကသိုလ်၌ နယ်သာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးနှင့် UNU-MERIT တက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ကျင်းပသော ASEAN Ambassadors’ Talk စကားဝိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်၍ ဆွေးနွေးမှုပြုခဲ့ပါသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို နယ်သာလန်နိုင်ငံ Maastricht University နှင့် UNU-MERIT တက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်အသိုက်အဝန်း (academic community) နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့စင်မြင့်ထက်တွင် အခန်းကဏ္ဍ ပိုမိုကြီးမားပြီး အရေးပါလာသော အာဆီယံ၏ သံခင်းတမန်ခင်းနှင့် စပ်လျဉ်း၍ ပိုမို သိမြင်နားလည်သဘောပေါက်လာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး နယ်သာလန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများ၊ အဆိုပါတက္ကသိုလ်နှစ်ခုမှ နိုင်ငံတကာဆက်ဆံရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်များနှင့် ကျောင်းသားကျောင်းသူများ၊ အခြားစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာသံအမတ်ကြီး အပါအဝင် နယ်သာလန်နိုင်ငံ ဆိုင်ရာ အာဆီယံသံရုံးများမှ သံအမတ်ကြီးများက UNU-MERIT တက္ကသိုလ်၏ ညွှန်ကြားရေးမှူး Mr. Bartel Van de Walle၊ တွဲဖက်ပါမောက္ခ Mr. Michal Natorski တို့နှင့်အတူ “၂၀၄၅ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်နှင့် အတူ အနာဂတ်တွင် အာဆီယံသည် အင်ဒို-ပစိဖိတ် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက်မ ဖြစ်လာရေး” “ASEAN 2045: The Future of the Region as an Epicentrum of Growth” ဟူသော ခေါင်းစဉ်အောက်မှ အပြန်အလှန် ဆွေးနွေးမှု ပြုခဲ့ကြပါသည်။ ထိုခေါင်းစဉ်အောက်တွင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များ (SDGs) နှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်၊ ရာသီဥတု ပြောင်းလဲမှုအပေါ် အာဆီယံ၏ တုံ့ပြန်ဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေဆိုင်ရာ ကတိကဝတ်များနှင့် စပ်လျဉ်းပြီး အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ လက်ရှိ ကမ္ဘာ့ပထဝီနိုင်ငံရေးပြဿနာများနှင့် စပ်လျဉ်း၍ အာဆီယံ၏ ရပ်တည်မှုနှင့် ကုလသမဂ္ဂ၏ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု၊ ကမ္ဘာတစ်ဝန်းတွင် လူသားဉာဏ်ရည်တု နည်းပညာ (AI) ဖွံ့ဖြိုးလာမှုနှင့် ပတ်သက်ပြီး အာဆီယံ၏ ချဉ်းကပ်မှု စသည့် အကြောင်းအရာများအား ဆွေးနွေးမှုပြုခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ အာဆီယံအနေဖြင့် ဒေသတွင်းနိုင်ငံများ၌ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) နှင့်အညီ စဉ်ဆက်မပြတ် တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရန်အတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အတွင်းမှ ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း ကုလသမဂ္ဂ၏ SDGs ပန်းတိုင်များအား အကောင်အထည်ဖော်ရေးကို ကတိကဝတ်ထား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးကို ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်းသော သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအား တားဆီးလျှော့ချနိုင်ရေးအတွက် reduce၊ reuse၊ recycle ဟူသော အဆင့် (၃) ဆင့်ကို အခြေခံသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၃၀) ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။