အာဆီယံ-ဘရပ်ဆဲလ်ကော်မတီမှ ထိုင်းသံအမတ်ကြီးကို နှုတ်ဆက်ခြင်းနှင့် မလေးရှားသံအမတ်ကြီးကို ကြိုဆိုသည့် ABC Farewell and Welcoming Lunch တွင် မြန်မာသံအမတ်ကြီး နှုတ်ဆက်ကြိုဆိုအမှာစကား ပြောကြား (၈-၁၂-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၈-၁၂-၂၀၂၃ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ Tangla Hotel ၌ အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ABC) အဖွဲ့ဝင် အာဆီယံသံရုံးများမှ စုပေါင်းကျင်းပခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံမှ တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ထိုင်းနိုင်ငံ သံအမတ်ကြီးကို နှုတ်ဆက်ခြင်းနှင့် အသစ်ရောက်ရှိလာသည့် မလေးရှားနိုင်ငံသံအမတ်ကြီးကို ကြိုဆို သည့် ABC Farewell and Welcoming Lunch နေ့လယ်စာစားပွဲတွင် ABC ၏ ဥက္ကဋ္ဌအနေဖြင့် နှုတ်ဆက် ကြိုဆိုအမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါနေ့လယ်စာစားပွဲတွင် မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က အမှာစကားပြောကြားရာ၌ ထိုင်းသံအမတ်ကြီး H.E. Mr. Sek Wannamethee ၏ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ABC ကော်မတီအတွက် အကျိုးပြုဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ တာဝန်ပြီးဆုံးပြီးနောက်ပိုင်းတွင်လည်း ABC ကော်မတီနှင့် အဆက်အသွယ်မပြတ်စေဘဲ လက်ရှိ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန် မျှော်လင့်ပါကြောင်း၊ ဘယ်လ်ဂျီယံနှင့် အီးယူဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Dato’ Mohd Khalid Abbasi ကိုလည်း ABC ကော်မတီဝင် အသစ်အဖြစ် ကြိုဆိုပါကြောင်းနှင့် ABC ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်မှုပြုနိုင်ရန် မျှော်လင့်ပါကြောင်း၊ ABC ကော်မတီအနေဖြင့် မကြာမီ ကျင်းပမည့် အီးယူ-အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် အခြားကိစ္စရပ်များတွင် ယခုအစဉ်အလာအတိုင်းပင် အာဆီယံ၏ စံနှုန်းများနှင့်အညီ ရှေ့ဆက်ဆောင်ရွက်မှုပြုနိုင်ရန် မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ABC ကော်မတီဝင် သံအမတ်ကြီးများက ထိုင်းသံအမတ်ကြီးကို အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ကြပြီး နေ့လယ်စာစားပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။