အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ဦးဆောင်ကျင်းပခဲ့ခြင်းနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား လာအိုသံရုံးထံ လွှဲပြောင်းပေးအပ် (၂၀-၁၂-၂၀၂၃ ရက်)

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း တတိယအကြိမ် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee-ABC) အစည်းအဝေးကို ၂၀-၁၂-၂၀၂၃ ရက်တွင် မြန်မာသံရုံး၌ ဦးဆောင်ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ (၆) လတာကာလအတွင်း အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ လှုပ်ရှားမှုများဖြစ်သည့် ဥရောပပါလီမန် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE)၊ ဥရောပသမဂ္ဂပြင်ပဆက်ဆံရေးဌာနနှင့် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံတို့မှ တာဝန်ရှိသူများ၊ EU-ASEAN Business Council နှင့် ASEANCHAM EU မှ တာဝန်ရှိသူများ၊ အီးယူစီးပွားရေးအသိုက်အဝန်းမှ လုပ်ငန်းရှင်များနှင့် အာဆီယံသံအမတ်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့သည့် ကိစ္စရပ်များအပေါ် အတည်ပြုမှုရယူခြင်း၊ ၂-၂-၂၀၂၄ ရက်တွင်ကျင်းပမည့် အီးယူ-အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းနှင့် လာအိုသံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

မြန်မာသံအမတ်ကြီးက အမှာစကားပြောကြားရာ၌ မြန်မာသံရုံးအနေဖြင့် ABC အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် (၆) လတာကာလအတွင်း အာဆီယံသံရုံးများ၏ ယုံကြည်မှုနှင့် အားပေးထောက်ခံမှုကြောင့် အာဆီယံ-အီးယူ၊ အာဆီယံ-ဘယ်လ်ဂျီယံတို့နှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရန်ဟူသော တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး “အာဆီယံ၏ အချက်အချာကျမှု” မူနှင့် စည်းမျဉ်းများကိုလည်း ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အာဆီယံအနေဖြင့် အီးယူနှင့်ဆက်ဆံရာ၌ အဖွဲ့ဝင်နိုင်ငံအားလုံး တစ်စုတစ်စည်းတည်း၊ တစ်မိသားစုတည်းအဖြစ် ပူးပေါင်းရင်ဆိုင်ဆက်ဆံမှုပြုမှသာလျှင် အာဆီယံ၏ အဖွဲ့အစည်းအနေဖြင့် တည်ရှိမှုနှင့် အာဆီယံ၏အသံကို အီးယူအနေဖြင့် သဘောပေါက်လက်ခံလာလိမ့်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ဆွေးနွေးမှုများအပြီးတွင် မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာအိုသံအမတ်ကြီး Mr. Kingphokeo Phommahaxay ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံအမတ်ကြီးများနှင့် သံရုံးအသီးသီးမှ ဘာသာရပ် တာဝန်ခံအရာရှိများကို မြန်မာသံရုံးမှ မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ အချိုပွဲတို့နှင့် နေ့လယ်စာတည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။